ဝိပဿနာဆိုတာ ဘာလဲ?
These are the five benefits which a Monk gains for making up a Kathina robe after the rains retreat: Once the Robe is made up:
(1) A Bhikkhu does not need to seek permission (From the chief monk or community of monks he lives with) before visiting a house in order to receive alms (or do anything).
(2) It is not necessary to take all three robes when going anywhere (including) to a house to ask for something. (Such as medicine, alms etc)
(3) A group meal: A Monk can accept an invitation for a meal even if invitation is not made incorrect formal invitation speech.
(4) A Monk can keep a lot of robes during Kathina privileges time . (Five months after Kathina robe is made).
(5) A Bhikkhu who has Kathina privileges can use any material/robes offered to the Sangha.
The Five benefits for lay people giving Kathina Robes are:
(1) One who offers Kathina Robe could go everywhere without obstacle.
(2) He or she doesn’t have heavy burden or difficulty with her duties.
(3) She or he can eat whatever he or she wants without getting food poisoning etc.
(4) She or he can keep material things without fear for loss.
(5) His belongings cannot be robbed or stolen by someone.
ကျောင်းဝိုင်းအတွင်း ဖိနပ်စီးခြင်းပြဿနာ
““ဗိမ်္ဗိသာရမင်းကြီး ဘာကြောင့် ခြေဖ၀ါး ဓားခွဲခံရသလဲ””ဟု တိတိပပ သိချင်သူတို့က မေးမြန်းကြသည်။ ““ဗိမ်္ဗိ သာရမင်းကြီးသည် ရှေးအတိတ်ဘ၀ တစ်ခုက စေတီရင်ပြင်၌ ဖိနပ်စီးလျက် သွားခဲ့၏။ နေထိုင်ရန် ခင်းထားသော ဖျာသင်ဖြူးပေါ်၌လည်း ခြေမဆေးဘဲ နင်းခဲ့ဖူး၏။ ထိုမကောင်းမှု အကျိုးဆက် ကြောင့် ခြေဖ၀ါး ဓားခွဲခံရခြင်းဖြစ်သည်””ဟု သီလက်္ခန်္ဓ၀ဂ်္ဂအဋ္ဌကထာ (စာမျက်နှာ-၁၂၆) ၌ လာရှိပေသည်။ ဤစာပေလာ ဖြေဆိုချက်ကိုကြည့်၍ ဗိမ်္ဗိသာရမင်းကြီး ခြေဖ၀ါးဓားခွဲခံရခြင်းမှာ ကျောင်းဝိုင်း အတွင်း ဖိနပ်စီးခြင်းကြောင့်မဟုတ်ဟု ခံယူချင်ကြသည်။
အထက်ပါကျမ်းလာချက်၌ကျောင်း ၀ိုင်းအတွင်း မဟုတ်သော်လည်း “စေတီ (ဘုရား)ရင်ပြင်”ဟူသောအချက်နှင့် ဖိနပ်စီးထားခြင်း မဟုတ်သော်လည်း “ခြေမဆေးဘဲ ဖျာသင်ဖြူးပေါ်နင်းခြင်း”ဟူသောအချက်များကို အထူးသတိပြုရန် ဖြစ်ပေ၏။ ဆက်လက်တင်ပြလိုသည် မှာ “ဘုရားဝိုင်း၊ ကျောင်းဝိုင်းအတွင်း ဖိနပ်စီးခြင်း”နှင့် ပတ်သက်၍ မိမိတို့ ဘာသာစဉ်းစားကြရန် အချက်ဖြစ်သည်။
သီလက္ခန္ဓ၀ဂ္ဂပါဠိတော် (စာမျက်နှာ -၄၇) ၌ ““အဇာတသတ်မင်း ဘုရားဖူး သွားသောအခါ ကျောင်းတော်အ၀င် တံခါးမုခ်၌ မိမိစီးနင်းသွားသည့် ဆင်ယာဉ် ထက်မှဆင်း၍ ခြေထောက်သက်သက် ဖြင့်သာသွားကြောင်း””ကို လည်းကောင်း၊ သုတ်မဟာဝဂ်္ဂပါဠိတော် (စာမျက်နှာ-၈၃) ၌ ““လီစ္ဆ၀ီမင်းများ ဘုရားဖူးသွားရာ၌ လည်း ကျောင်းတော်အ၀င်တံခါးမုခ်၌ မိမိတို့ စီးနင်းသွားသော ယာဉ်များမှဆင်း ၍ ခြေထောက်သက်သက်ဖြင့်သာသွားကြောင်း””ကိုလည်းကောင်း တွေ့ရှိရပေ သည်။ (ဤအရာမျိုး အခြားများစွာရှိ သေး၏။)
ဓမ္မပဒအဋ္ဌကထာ (ပ၊၂၂၅) ၌ ““ဘုရားရှင်နှင့် သက်တူရွယ်တူလည်းဖြစ်၊ အလွန်လည်းအကျွမ်းဝင်သော ပသေနဒီ ကောသလမင်းကြီးသည် (နောက်ဆုံး အကြိမ်ဖြစ်ခဲ့သော) ဘုရားရှင်ထံ အဖူး မြော်သွားရောက်ခဲ့ရာတွင် “အလွန် အလေးပြုအပ်၊ ရိုသေအပ်သော မြတ်စွာ ဘုရား၏အထံတော်သို့ ပြန့်လွင့်သော သဘောရှိသော မင်း၏အသွင်အပြင်ဖြင့် မသွားသင့်”ဟူသော ရည်ရွယ်ချက်ဖြင့် ခြေနင်းနှင့်တကွသော မင်းမြောက် တန်ဆာငါးပါးတို့ကို (ဗန္ဓုလစစ်သေနာ ပတိ၏တူ) ဒီဃကာရာယန စစ်သေနာပတိအား ပေးအပ်ခဲ့၍ ဂန္ဓကုဋီကျောင်းတော်သို့ ၀င်ရောက်ဖူးမြော်၏””ဟု လာ ရှိပေသည်။ဤသို့ ခတ္တိယဇာတ်ဖြစ်သော ဘုရားရှင်လက်ထက်က မင်းများပင် ကျောင်းတိုက်အတွင်း၌ ဖိနပ်မစီးကြကြောင်း တွေ့ရှိရပေ၏။
ထိုမှတစ်ပါးလည်း ပါထိက၀ဂ်္ဂအဋ္ဌ ကထာ (စာမျက်နှာ-၂၁၇) စသည်တို့၌ အဂါရ၀တရား (၆) ပါးကို ဖွင့်ပြရာဝယ် ““ဘုရားရှင်၊ စေတီတော်မြင်လောက်ရာ အရပ်၌ ထီးဆောင်းခြင်း၊ ဖိနပ်စီးခြင်း၊ ရေချိုးခြင်း၊ ကျင်ကြီး၊ ကျင်ငယ်စွန့်ခြင်း တို့ကို ပြုခြင်းသည် ဘုရား၌ မရိုသေခြင်း၊ သတ္ထရိအဂါရ၀ မည်၏။ သံဃာအလယ်၌ ဒူးနှစ်ဖက်ကို လက်ဖြင့်ဖွဲ့ပတ်၍ ထိုင် ခြင်း၊ ပခုံးနှစ်ဖက်ကိုခြုံခြင်း၊ ထီးဆောင်းခြင်း၊ ဖိနပ်စီးခြင်းတို့သည် သံဃာတော်၌ မရိုသေခြင်း သံဃေအဂါရ၀ မည်၏””ဟု ဖွင့်ပြတော်မူ၏။
ပရိဝါအဋ္ဌကထာ (၁၅၂) ၌ ““စေတီတော်ကိုလည်းကောင်း၊ ဗောဓိပင်ကိုလည်းကောင်း ရှိမခိုး၊ စေတီရင်ပြင်၌ ထီး၊ ဖိနပ်နှင့်တကွသွား၏။ ထိုသူသည် ဘုရား ၌ မရိုသေသောသူမည်၏””ဟုလည်း ဖွင့်ပြပေသည်။ (ဤအချက်နှင့် ဗိမ်္ဗိသာရ မင်းကြီး ငြိသဖြင့် ခြေဖ၀ါးဓားခွဲခံရခြင်း ဖြစ်လေသည်။)
ထိုမှတစ်ပါးသည် စူဠ၀ါပါဠိတော် (၃၇၄) အာဂန္တုက=ဧည့်သည်ဝတ်ပြုရာ၌ ““ဧည့်သည်ဖြစ်သော ရဟန်းသည် သူတစ်ပါး၏ ကျောင်းတိုက် အာရာမ်သို့ ၀င်မည်ကြံလျှင် ကျောင်းတိုက် ဥပစာအနီး သို့ရောက်က ဖိနပ်ချွတ်၊ ထီးရုပ်၊ ခေါင်း ခြုံကိုဖွင့်၊ ခေါင်း၌တင်သော သင်္ကန်းကို ပခုံးသို့ချ၍ မဆောမလျင် သူတစ်ပါး ကျောင်းအာရာမ်သို့ ၀င်ရမည်””ဟု ပညတ်ထားတော်မူ၏။ (ဤအရာ၌ ငါတို့ လူဝတ်ကြောင်များနှင့်မဆိုင်ဟု မယူဆသင့်၊ ရဟန်းတော်များမှာ ““အမြတ်ဖြစ် သောကြောင့်””ဒေသနာပဓာနပြု ဟောထားခြင်းဖြစ်သည်။)
ဤဆိုခဲ့ပြီးအချက်များကို ပြန်သုံးသပ်ကြည့်လျှင် ဘုရားရှင်လက်ထက်က မင်းမျိုးဖြစ်သော ဘုရင်များပင် ကျောင်းတိုက်အ၀င်တံခါးမုခ်၌ မိမိတို့စီးနင်းခဲ့သော ယာဉ်များမှဆင်းသက်၍ ခြေနင်း (ဖိနပ်)များကိုချွတ်ကာ ဘုရားရှင်ထံအဖူးမြော် ၀င်ရောက်ကြသည်ကိုလည်းကောင်း၊ ဘုရားရှင်၊ စေတီတော်မြင်လောက်ရာတို့ ၌လည်းကောင်း၊ စေတီရင်ပြင်၌လည်းကောင်း၊ သံဃာအလယ်၌လည်းကောင်း၊ ထီးဆောင်းခြင်း၊ ဖိနပ်စီးခြင်း စသည်တို့ကို ပြုခြင်းသည် ဘုရားရှင်၌ မရိုမသေခြင်း=သတ္ထရိအဂါရ၀၊ သံဃာတော်၌ မရိုသေခြင်း=သံဃေအဂါရ၀တို့မည်သည် ကိုလည်းကောင်း၊ဤအဂါရ၀ဖြစ်လောက်သော အရပ်မျိုး၌ ဖိနပ်စီးခဲ့မိခြင်းကြောင့် ဗိမ်္ဗိသာရမင်းကြီး ခြေဖ၀ါးဓားခွဲခံရသည် ကိုလည်းကောင်း၊ ဧည့်သည်ရဟန်းများကို သူတစ်ပါးကျောင်းတိုက် အာရာမ်သို့ ၀င်လျှင် ဖိနပ်ချွတ်၊ ထီးရုပ်၍ ၀င်ရမည်ဟု ဘုရားရှင်ပညတ်ထားသည်ကိုလည်းကောင်း တွေ့ရှိရမည်ဖြစ်ပေ၏။
နောက်ဆုံးအနေဖြင့်အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူသော စကားရပ်ကို ဖော်ပြ၍ အဆုံးသတ်လိုပေသည်။ တစ်ခါက (နော်မံကျောင်းအုပ်ဟောင်း) ဒကာကြီး ဦးပန်းရည်သည် ဆရာတော်ကို သူ့အိမ် ဆွမ်းပင့်ကျွေး၍ ဤသို့လျှောက်ထားခဲ့ဖူး ၏။
ဦးပန်းရည် ။ ။ ဆရာတော်…ဘုရား ၀င်းထဲ ဖိနပ်မစီးရဘူးလို့ ဘယ်သူက အမိန့်ထုတ်တာတုန်း ဘုရာ့။
ဆရာတော် ။ ။ ကုသိုလ်စိတ်က အမိန့် ထုတ်တာ။
ဦးပန်းရည် ။ ။ ဘုရားဝင်းခတ်ထားတဲ့ ဘုရားလူကြီးတွေက အမိန့်ထုတ်တာ မဟုတ်ပါလားဘုရား။
ဆရာတော် ။ ။ မဟုတ်ပါဘူး။ ဒကာကြီးမှာ ဘုရားကို ရိုသေတဲ့ကုသိုလ်စိတ် ကိန်းအောင်းနေတုန်းဆိုရင် ဘုရားဝင်း ထဲရောက်ရောက်၊မရောက်ရောက် ဘုရား မြင်တဲ့နေရာကစပြီး ဖိနပ်ချွတ်ရမယ်။ ဘုရားကို မထေလေးစားပြုချင်တဲ့စိတ်၊ အကုသိုလ်စိတ်ကိန်းအောင်းနေရင်ဘုရား ၀င်းထဲမှာသာ မကဘူး။ ဘုရားပလ္လင်ပေါ်ထိ ဖိနပ်စီးရဲမှာပဲ။
ထိုအခါ ဒကာကြီးဦးပန်းရည်သည် ရယ်မောလျက် ““တပည့်တော်ဘုရားကို ရိုသေတဲ့ ကုသိုလ်စိတ်ရှိပါတယ်””ဘုရား ဟု လျှောက်ထားရလေတော့သတည်း။
ဗိုလ်ကလေးအရှင်ပဏ္ဍိတ
ဓမ္မာစရိယ,M.A,Dip in Eng.သီရိလင်္ကာ
(ရပ်ပြစ်ရှစ်ပါး)
မဂ်ဖိုလ်တရားရအောင် အားထုတ်ခွင့် မရသောအရပ်ဖြစ်၍ “ ရပ်ပြစ်” ဟုခေါ်သည်။
(၁၊၂၊၃၊) ဘုရားပွင့်နေဆဲ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ အပါယ်သုံးဘုံ၌ ဖြစ်ရသူများ ( အသူရကာယ်ကို ပြိတ္တာဘုံ၌ သွင်းယူရသည်။)
(၄) အသက်ရှည်သော နတ်ဗြဟ္မာများ ( ဘုရားပွင့်ဆဲအခါ လွန်စွာအသက်ရှည်ကြ၍ ဘုရားရှင်ကို မဖူးတွေ့နိုင်သော အသညသတ်ဗြဟ္မာနှင့် အရူပဗြဟ္မာတို့ဖြစ်သည်။)
အသညသတ်ဗြဟ္မာသည် ရုပ်ခန္ဓာသာရှိ၍ နာမ်ခန္ဓာမရှိ။ အရူပဗြဟ္မာသည် နာမ်ခန္ဓာသာရှိ၍ ရုပ်ခန္ဓာမရှိ။ ထို့ကြောင့် ဘုရားပွင့်သော်လည်း တရားမနာနိုင်ကြပေ။
(၅) ဘုရားရှင်နှင့် ရဟန်းသံဃာတော်များ မရောက်နိုင်သော အစွန်အဖျား တောကြို တောင်ကြားအရပ် (ပစ္စန္တရစ်)။
(၆) ဘုရားပွင့်ဆဲ သာသနာတော်တည်ဆဲအခါ မိစ္ဆာဒိဋ္ဌိ အယူရှိသူများ။
(၇) တရားတော်ကို နားလည်လောက်သော ဉာဏ်မရှိသူများ။
(၈) တရားတော်ကို တတ်သိနားလည်သောဉာဏ်ရှိသော်လည်း ဘုရားသာသနာမရှိသောအခါ လူဖြစ်ရသူများ။
————————————————————————–
(၀ိပတ္တိတရားလေးပါး)
ဖောက်ပြန်ချွတ်ယွင်းခြင်း (ပျက်စီးခြင်း)ကို ၀ိပတ္တိ ဟုခေါ်သည်။
၁။ မင်းဆိုး မင်းယုတ် အုပ်စိုးသည့်ကာလ၌ ဖြစ်ရခြင်း (ကာလ၀ိပတ္တိ)။
၂။ အပါယ်လေးဘုံ၌ ဖြစ်ရခြင်း ( ဂတိဝိပတ္တိ)။
၃။ ရုပ်ဆင်းအင်္ဂါ (ဥပဓိရုပ်) ချို့တဲ့ခြင်း (ဥပဓိဝိပတ္တိ)။
၎။ မှန်ကန်သော ကြိုးစားအားထုတ်မှု မရှိခြင်း (ပယောပ၀ိပတ္တိ)။
———————————————————————-
(ဗျသနတရား ငါးပါး)
ပျက်စီးဆုံးပါးခြင်းကို ဗျသန ဟုခေါ်သည်။
၁။ ဆွေမျိုးများ ပျက်စီးခြင်း (ဉာတိဗျသန)။
၂။ စီးပွားဥစ္စာ ပျက်စီးခြင်း ( ဘောဂဗျသန)။
၃။ အနာရောဂါဖြစ်၍ ပျက်စီးခြင်း (ရောဂဗျသန)။
၎။ မှားသောအယူ ယူမိသဖြင့် အယူမှန် ပျက်စီးခြင်း (ဒိဋ္ဌိဗျသန)။
၅။ ကိုယ်ကျင့်သီလ ပျက်စီးခြင်း ( သီလဗျသန)။
သံဃာကို ဘယ်လိုကြည်ညိုရမလဲ
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိ(စ်)ခရိုင်၊ ဆန်ဂေးဘရီယယ်မြို့မှာ ရှိတဲ့ ဒေါက်တာဦးမောင်မောင်+ဒေါ်မေယုမိသားစုတို့ရဲ့ ဓမ္မစက္ခုဓမ္မာရုံမှာပြုလုပ်တဲ့ ဓမ္မသင်တန်းမှာ သင်တန်းကို (၁)နာရီဟောပြပြီး “မေးလိုရာမေး” ဆိုတဲ့ အစီအစဉ်ကိုလဲ နောက်ဆက်တွဲအဖြစ် ထည့်ထားပါတယ်။
အဲဒီမှာမေးတဲ့ မေးခွန်းတွေထဲက ဗုဒ္ဓဘာသာဝင်အများနဲ့ ဆိုင်တဲ့မေးခွန်းတခုကတော့ …
“ရတနာသုံးပါးကို မတုန်မလှုပ် ယုံကြည်ရမယ်ဆိုတဲ့အထဲက သံဃာတော်ကို မတုန်မလှုပ် ယုံကြည်မှုတွင် “သံဃာ” ၏အဓိပ္ပါယ်နှင့် သံဃာကို မတုန်မလှုပ်ယုံကြည်ရန် မည်ကဲ့သို့ စိတ်ထားရမည်ကို ရှင်းပြပေးတော် မူပါဘုရား …” ။ မေးခွန်းရှင်က မခိုင်ခိုင်ဌေး (Rosemead မြို့) တဲ့။
ဖြေ။ ။ ဒီမေးခွန်းမှာ မေးထားတာ အဆင့်နှစ်ဆင့်ရှိပါတယ်။
ပထမအဆင့်က …သံဃာ၏အဓိပ္ပါယ် တဲ့ …။
“သံဃာ” ဆိုတာ “အယူဝါဒရော၊ အကျင့်သီလပါ တူညီစွာနဲ့ ကိလေသာကင်းစင်ရေးကို ကျင့်ကြံအားထုတ်တော်မူတဲ့ ပုဂ္ဂိုလ်အပေါင်း” လို့ အဓိပ္ပါယ်ရပါတယ်။ ရတနာသုံးပါးအရာမှာတော့ သာသနာ့ ဝန်ထမ်းဖြစ်တဲ့ “ရှင်ရဟန်းအပေါင်း” လို့ အဓိပ္ပါယ်ရပါတယ်။
ဒုတိယအဆင့်က … သံဃာကို မတုန်မလှုပ်ယုံကြည်နိုင်ရန် မည်ကဲ့သို့စိတ်ထားရမည်ကို ရှင်းပြပေးပါဘုရား … တဲ့။
“မည်ကဲ့သို့စိတ်ထားရမည်” ဆိုတာကတော့ သံဃာ့ဂုဏ်တော်ထဲမှာပါတဲ့အတိုင်း …
(၁) သုပ္ပဋိပန္နော = ဘုရားရှင်ဟောကြားတော်မူတဲ့အတိုင်း ကောင်းမွန်မှန်ကန်စွာ ကျင့်တော်မူပါပေ၏။
(၂) ဥဇုပ္ပဋိပန္နော = ဖြောင့်မတ်တည့်မှန်စွာ ကျင့်တော်မူပါပေ၏။
(၃) ဥာယပ္ပဋိပန္နော = နိဗ္ဗာန်နဲ့ထိုက်တန်အောင် ကျင့်တော်မူပါပေ၏။
(၄) သာမိစိပ္ပဋိပန္နော= ရိုသေလေးစားစွာ ကျင့်တော်မူပါပေ၏။
(၅) အာဟုဏေယျော = ရှေးရှုကော်ရော် ပူဇော်သည်ကို ခံတော်မူထိုက်ပါပေ၏။
(၆) ပါဟုဏေယျော = အထူးပြုလုပ်ပူဇော်သည်ကို ခံတော်မူထိုက်ပါပေ၏။
(၇) ဒက္ခိဏေယျော = နိဗ္ဗာန်ကို ရည်မှန်း၍ လှူဒါန်းသည်ကို ခံတော်မူထိုက်ပါပေ၏။
(၈) အဉ္ဇလီကရဏီယျော = လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံတော်မူထိုက်ပါပေ၏။
(၉) အနုတ္တရံ ပုညခေတ္တံ လောကဿ = လူအပေါင်း၏ ကောင်းမှုကို စိုက်ပျိုးရာ လယ်ယာမြေကောင်း သဖွယ် ဖြစ်တော်မူပါပေ၏ … လို့ အာရုံပြု နှလုံးသွင်းတဲ့ စိတ်ထားရမှာပါ။
မေးခွန်းရှင်က တစ်သက်လုံး “သံဃံ သရဏံ ဂစ္ဆာမိ” ဆိုလာခဲ့ပြီး အခုမှ “မည်ကဲ့သို့စိတ်ထားရမည်” ဆိုတဲ့အချက်ကို မေးမြန်းတာကို အကဲခတ်ကြည့်ရတာ “သံဃာ” ထဲမှာအပါအဝင်ဖြစ်တဲ့ အချို့ရဟန်းတော် များအပေါ်မှာ ကြည်ညိုစိတ်ထားဖို့ အမြင်မကြည်လင်စရာတွေ ကြားနေ၊ မြင်နေရတဲ့ ပြဿနာနဲ့ ကြုံနေရတဲ့ သဘောမျိုး ရှိပုံရတယ်နော်။
ဒီလိုစိတ်ထားမျိုး ရှေးကလဲ ပုထုဇဉ်ရဟန်းအချို့ရဲ့ အပြုအမူတွေအပေါ် မကြည်လင်တဲ့အတွက် မိလိန္ဒမင်းကြီးမှာ ဖြစ်ပေါ်ခဲ့ဖူးပုံရပါတယ်။ မိလိန္ဒမင်းကြီးက အရှင်နာဂသေနမထေရ်ကို ဒီသဘောမျိုးနဲ့ အဓိပ္ပါယ်တူတဲ့ မေးခွန်းကို မေးလျှောက်ဖူးတယ်။
ဒီအမေးနဲ့ပတ်သက်ပြီး အရှင်နာဂသေနမထေရ်ရဲ့ ဖြေကြားချက်ကလဲ ဗုဒ္ဓဘာသာဝင်တွေ လိုက်နာ မှတ်သားဖို့အတော်လေးကောင်းပါတယ်။ အရှင်နာဂသေနရဲ့အဖြေကတော့ …
“မင်းကြီး … လောကမှာ ရေဆိုတာ ကျိုက်ကျိုက်ဆူအောင် ပူလောင်နေတယ်ဆိုစေဦးတော့၊ မီးတောက်မီးခဲကိုတော့ ငြိမ်းစေနိုင်ပါတယ်။
ထို့အတူပဲ ပုထုဇဉ်ရဟန်းအချို့မှာ အသင်မင်းကြီးတွေ့ရသလို ကိလေသာအပူမကင်းတဲ့အပြုအမူ တွေ ရှိနေတယ်ဆိုစေဦးတော့၊ သူတို့ရဲ့ကိလေသာအပူက ကျိုက်ကျိုက်ဆူနေတဲ့ ရေနွေးပူမျိုးသာဖြစ်တယ်။ လူဝတ်ကြောင်ပုထုဇဉ်တို့မှာရှိနေတဲ့ ကိလေသာအပူတွေက မီးတောက်မီးခဲလို အပူတွေဖြစ်တယ်လို့ နှိုင်းယှဉ်နှလုံးသွင်းလိုက်ရင်လဲ ကြည်ညိုစိတ်ဖြစ်လာနိုင်ပါတယ်။
မင်းကြီး … လောကမှာ ရေဟာ သောက်သုံးဖို့မဆိုထားနှင့်၊ ခြေဆေးဖို့လောက်တောင် မဖြစ်နိုင် လောက်တဲ့ ရွှံ့နွံရေပင်ဖြစ်စေဦးတော့၊ မစင်အညစ်အကြေးကိုတော့ ဆေးကြောဖယ်ရှားနိုင်ပါတယ်။
ထို့အတူပဲ ပုထုဇဉ်ရဟန်းအချို့ရဲ့ အပြုအမူတွေက ကိလေသာတွေနဲ့နောက်ကျုနေတဲ့ ရွှံ့နွံရေ လောက်ပဲရှိတယ်။ လူဝတ်ကြောင်ပုထုဇဉ်တွေရဲ့ ကိလေသာအညစ်အကြေးတွေကတော့ မစင်အညစ် အကြေးလောက်ရှိနေတယ်လို့ နှိုင်းယှဉ်နှလုံးသွင်းလိုက်ရင်လဲ ကြည်ညိုစိတ်ဖြစ်လာနိုင်ပါတယ်။
မင်းကြီး … စားကောင်းတဲ့သစ်သီးတစ်လုံးဟာ အပုပ်အနာတွေမကင်းဘူးဆိုရင်တောင်မှ အလွန့်အလွန်ဆာလောင်မွတ်သိပ်နေသူရဲ့ ဝမ်းမီးအပူကိုတော့ ငြိမ်းပေးနိုင်ပါတယ်။ အဲဒီလိုပါပဲ၊ ပုထုဇဉ် ရဟန်းအချို့ရဲ့ အပြုအမူတွေဟာ အပုပ်အနာမကင်းတဲ့သစ်သီးလို ဖြစ်နေတယ်ဆိုစေဦးတော့၊ သံသရာတလျှောက်လုံး ကိလေသာအဆာဓာတ်တွေနဲ့ ပူလောင်နေကြတဲ့ ပုထုဇဉ်လူဝတ်ကြောင်တို့ရဲ့ စိတ်အပူဓာတ်ကိုတော့ “အရဟတ္တဇ” လို့ခေါ်တဲ့ ဘုရားအမွေတော် သင်္ကန်းရောင်ကလေးကပင် ငြိမ်းအေးစေ နိုင်ပါပေတယ်လို့ နှလုံးသွင်းလိုက်ရင် ကြည်ညိုစိတ်ဖြစ်လာနိုင်ပါတယ် … တဲ့။
သံဃာကို ကြည်ညိုတတ်တဲ့စိတ်ကလေး ဖြစ်ပေါ်လာစေဖို့ “ယောနိသော မနသီကာရ” လို့ခေါ်တဲ့ ကုသိုလ်ဖြစ်အောင်တွေးပုံကလေးတွေကို အရှင်နာကသေနက ဖြေဆိုပေးလိုက်တာပါ။ ဒါကို ဗုဒ္ဓဘာသာ ဝင်တိုင်း အတုယူလိုက်နာကြရင် အကုသိုလ်ကင်းပြီး ကုသိုလ်တိုးပွားနိုင်ပါလိမ့်မယ်။
————————————————————————————-
ဒီမေးခွန်းနဲ့ဆက်စပ်ပြီးတော့ မေးခွန်းထဲမှာမပါပေမယ့် နည်းနည်းပြောချင်တာရှိပါတယ်။
တချို့က “သံဃာဆိုတိုင်း အတုမှန်းမသိ၊ အစစ်မှန်းမသိဘဲ ကြည်ညိုလှူဒါန်းပူဇော်နေတော့ရော၊ အစစ်အမှန်မဟုတ်ဘဲ လှူဒါန်းပူဇော်တာ ဘာအကျိုးရှိမှာလဲ” ဆိုတဲ့ သံသယမျိုးလဲ ရှိတတ်ပါတယ်။ ဒါမျိုး မေးမြန်းတာလဲ ကြုံဖူးတယ်။
ဒါနဲ့ပတ်သက်ပြီး ကြားရဖူးတဲ့ အဖြစ်အပျက်ကလေးတစ်ခုကို ပြောပြချင်တာပါ။
အင်းဝခေတ်မှာ ရှင်ဘုရင်တစ်ပါးက တစ်ညမှာ အိပ်မက် ထူးထူးခြားခြားမက်တယ်။ သူ့အိပ်မက်က “ရဟန္တာမထေရ်မြတ်ကြီးတစ်ပါး သူ့နန်းတော်အထိ ဆွမ်းခံကြွလာလို့ သူကိုယ်တိုင်ရဟန္တာမထေရ်မြတ်ကြီးကို
ဆွမ်းလောင်းလှူလိုက်ရတယ်” လို့ မက်တာတဲ့။
နောက်နေ့ ပွဲတော်တည်ဖို့ ပြင်ဆင်ပြီးရောက်လာတော့ ရှင်ဘုရင်ကြီးက သူ့အိပ်မက်ကို ပြောပြပြီး “နေကြဦး၊ မွန်းမတည့်မချင်း ငါပွဲတော်မတည်ဘူး၊ ရဟန္တာအရှင်မြတ်ကြီး ဆွမ်းခံကြွလာရင် စားဦးစားဖျား လောင်းလှူနိုင်အောင် စောင့်မယ်” ဆိုပြီး ပွဲတော်မတည်သေးဘဲ ဒီအတိုင်းအသင့်ပြင်ပြီး စောင့်နေသတဲ့။
အဲဒီအချိန်မှာ မြို့ပြင်က သုဿန်ဇရပ်မှာနေကြတဲ့ သူတောင်းစားလင်မယားမှာ မယားက ကိုယ်ဝန် ဆောင်ထားချိန်ဖြစ်လို့ “ရှင်ဘုရင့် ပွဲတော်အုပ်ကို စားချင်တဲ့ချင်ခြင်း” ဖြစ်သတဲ့။ သူ့ချင်ခြင်း လင်ယောက်ျားကို ပြောပြတဲ့အခါ ယောက်ျားက “နင့်ချင်ခြင်းက သေပေါက်တိုးမယ့်ချင်ခြင်းကြီးဖြစ်လို့ ငါလဲ ဘာမှမတတ်နိုင်ဘူး” ဆိုပြီး ငြင်းတယ်။
မယားက “ရှင်ယောက်ျားဖြစ်ပြီး ဒီလောက်တောင်ညံ့ရသလား။ ရှင်မသိဘူးလား၊ ဒီနိုင်ငံကရှင်ဘုရင် ကြီးဆိုတာ ရဟန်းသံဃာကို အလွန်ကြည်ညိုတယ်။ ကဲ … ရှင်ဘာမှငြင်းမနေနဲ့။ ကျုပ်ပြောသလို လုပ်ချေ၊ ရှင့်မှာ ကတုံးလဲ တုံးပြီးသားပဲ၊ သွား … ကျောင်းတိုက်တစ်ခုခုမှာ သံဃာတော်တွေမသုံးတော့ဘဲ စွန့်ပစ် ထားတဲ့ သင်္ကန်းအိုတစ်စုံနဲ့ သပိတ်အိုတစ်လုံး ရအောင်တောင်း၊ ပြီးရင် အဲဒီသင်္ကန်းကိုရုံ၊ သပိတ်ကိုပွေ့ပြီး နန်းတော်ထဲသွားပေရော့။ ရှင်ဘုရင်ကြီးက သူ့ပွဲတော်အုပ်ကို လောင်းလှူလိုက်လိမ့်မယ်” ဆိုပြီး တိုက်တွန်းလိုက်တယ်။ ယောက်ျားခမျာလဲ ခပ်ကြောက်ကြောက်ဖြစ်ပေမယ့် မယားအကြံက ဖြစ်တော့ဖြစ်နိုင်တယ်ဆိုပြီး သူပြောတဲ့အတိုင်း လုပ်ရတော့တာပေါ့။
အချိန်ကလဲ မွန်းတည့်ခါနီးနေပြီ၊ ရှင်ဘုရင်ကြီးကလဲ သူ့အိပ်မက်အတိုင်း ရဟန္တာအရှင်မြတ်ကြီး ဆွမ်းခံကြွလာနိုးနိုးနဲ့စောင့်နေရာက မအောင့်နိုင်တော့ဘဲ နန်းတော်ပြတင်းနားအထိထွက်လာပြီး အပြင်ကို လှမ်းမျှော်နေတုန်းမှာပဲ … ကိုယ်တော်ကြီးက ဆံပင်ကလဲ မရိတ်တာကြာတော့ ခပ်ရှည်ရှည်ကြီးနေမှာပေါ့။ သင်္ကန်း သပိတ်တွေကလဲ အိုအို နွမ်းနွမ်းတွေနဲ့။
ရှင်ဘုရင်က ဒီပုဂ္ဂိုလ်လဲမြင်လိုက်ရော၊ “ဟေ့ … ဟေ့ … အမတ်တွေ လာကြည့်ကြစမ်း၊ ဟောဟိုက ကြွလာတဲ့ကိုယ်တော်ကြီးဟာ ဆံပင်တွေလဲ ရှည်နေပြီ၊ သင်္ကန်း သပိတ်တွေလဲ အိုအိုနွမ်းနွမ်းနဲ့၊ ဧကန္တ တောရဆောက်တည်နေတဲ့ ရဟန္တာပုဂ္ဂိုလ်မြတ်ကြီးဖြစ်မှာသေချာတယ်၊ ကဲ … ပွဲတော်အုပ်ကို မ ခဲ့ကြ” ဆိုပြီး ကိုယ်တိုင်လဲ နန်းတော်အောက်ဆင်း စောင့်နေလိုက်သတဲ့။
ကိုယ်တော်ချောကလဲ ခပ်ကြောက်ကြောက်နဲ့ အိနြေ္ဒဆည်ပြီး ခပ်ဖြည်းဖြည်းလျှောက်လာလို့ နန်းတော်ရှေ့လဲရောက်ရော ရှင်ဘုရင်ကြီးက ဝမ်းမြောက်ဝမ်းသာနဲ့ ပွဲတော်စာတွေ သပိတ်နဲ့အပြည့် လောင်းလှူလိုက်သတဲ့။
ကိုယ်တော်ကြီးလဲ ကြွသွားရော ရှင်ဘုရင်က သူ့အိပ်မက်ဘယ်လောက်ထိမှန်သလဲ ဆိုတာသိရအောင် အမတ်တစ်ယောက်ကိုခေါ်ပြီး “ကိုယ်တော်ကြီးနောက်က မယောင်မလည် မျက်ခြည် မပြတ်လိုက်ကြည့်စမ်း၊ ရဟန္တာမထေရ်မြတ်ကြီးတွေဆိုတာ တောရပ်မှာနေကြတာ၊ မြို့ပြင်ရောက်ရင် ဈာန်အဘိဉာဉ်နဲ့ ကောင်းကင် ကို ပျံတက်ချင်တက်သွားလိမ့်မယ်” ဆိုပြီး လိုက်ကြည့်ခိုင်းသတဲ့။
ကိုယ်တော်ကြီးက မြို့ပြင်လဲရောက်ရော “အသက်ဘေးကတော့ လွတ်ပြီဟဲ့” ဆိုပြီး ခပ်သွက်သွက်နဲ့ သုဿန်ဘက်ကို သုတ်ခြေတင်တော့တယ်။ အမတ်ကလဲ ခပ်သွက်သွက်နဲ့ မျက်ခြည်မပြတ် လိုက်ချောင်းရ တော့တာပေါ့။ သုဿန်ဇရပ်လဲရောက်ရော ကိုယ်တော်ကြီးက သူ့မယားကို “ကဲ … မင့်ချင်ခြင်းတော့ရခဲ့ပြီ၊ ကံကောင်းလို့ ခေါင်းမပြတ်တာပေါ့ကွာ” လို့ပြောရင်း သပိတ်ကို မယားလက်ထဲအပ်၊ သူလဲ အဝတ်တွေလဲပြီး သင်္ကန်းတွေကိုတော့ မြေထဲ ယက်ပြီး ဖို့ပစ်လိုက်တော့သတဲ့။
ဒါကို အစအဆုံးမြင်နေရတဲ့အမတ်က “အင်း … ငါမြင်ရတဲ့အတိုင်းသာ ရှင်ဘုရင်ကြီးကို သံတော်ဦး တင်လိုက်ရင် ရှင်ဘုရင်ကြီးလဲ ဝမ်းမြောက်ဝမ်းသာဖြစ်နေတဲ့ သူ့စေတနာတွေပျက်သွားမယ်။ ဒီသူတောင်းစား လင်မယားလဲ ဇက်ပြတ်ကုန်တော့မှာပဲ” လို့တွေးပြီး အဆင်ပြေအောင် သံတော်ဦးတင်ဖို့ စဉ်းစားရင်း နန်းတော်ကို ပြန်လာတယ်။
မြန်မာတွေ အမှတ်အပြောမှားနေတဲ့ စကားပုံတစ်ခုရှိတယ်။ “မုသားမပါ၊ လင်္ကာမချော” ဆိုတာပေါ့။ အမှန်က “မုတမပါ လင်္ကာမချော”လို့ ဆိုတာပါ။ “ဒိဋ္ဌ၊ သုတ၊ မုတ” ဆိုတာရှိတယ်။
ဒိဋ္ဌ … ဆိုတာ မျက်ဝါးထင်ထင်မြင်ရတာ။ သုတ … ဆိုတာ နားနဲ့ဆတ်ဆတ်ကြားရတာ။ မုတ … ဆိုတာကတော့ အဲဒီ မြင်ရကြားရတာကို အချိန်အခါ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် အသုံးချဖို့ နှိုင်းယှဉ်စဉ်းစားတာကို ပြောတာပါ။ “အဲဒီ မုတ ပါမှ အဆင်ပြေချောမွေ့မယ်” လို့ ဆိုလိုတဲ့စကားပုံပါ။
အခုလဲ အမတ်က အဆင်ပြေချောမွေ့အောင်၊ နှစ်ဦးနှစ်ဘက်အကျိုးမယုတ်အောင် ဘယ်လိုလျှောက်တင်ရမလဲလို့ စဉ်းစားနေတာ။ နန်းတော်ပြန်ရောက်တော့ ရှင်ဘုရင်ကြီးက ပွဲတော်တောင် မတည်နိုင်သေးဘူး။ သူလွှတ်လိုက်တဲ့ အမတ်ပြန်အလာကို မျှော်ရင်းစောင့်နေတာ။ အမတ်လဲပြန်ရောက်လာ ရော သံတော်ဦးတင်တာကိုတောင်မစောင့်နိုင်တော့ဘူး၊ “ဘယ့်နှယ်လဲအမတ်ကြီး၊ ငါကိုယ်တော်အိပ်မက်မြင် တဲ့အတိုင်း အမှန်ပဲမဟုတ်လား” ဆိုပြီး အလောတကြီးမေးတော့တာပဲ။
အမတ်ကြီးက “မှန်လှပါ … အရှင်မင်းကြီးအမိန့်တော်အတိုင်း ဘုရားကျွန်တော်မျိုး မျက်ခြည်မပြတ် လိုက်ကြည့်တဲ့အခါ သုဿန်ဇရပ်လဲရောက်ရော သင်္ကန်းရောင်ပျောက်သွားပါတယ်ဘုရား” လို့ သံတော်ဦးလဲ တင်လိုက်ရော ရှင်ဘုရင်ကြီးက ဝမ်းသာအားရနဲ့ “ငါဟဲ့ယောက်ျား၊ လောကမှာ ငါလို ရဟန္တာစစ်စစ်ကို ဆွမ်းလောင်းလှူခွင့်ရတဲ့လူ ခုအချိန်မှာ ဘယ်သူရှိနိုင်သေးတုံး” ဆိုပြီး လက်ခမောင်းခပ် ဝမ်းသာနေလိုက်တာ အဲဒီတစ်နပ် ပွဲတော်တောင် မတည်နိုင်တော့ဘူးတဲ့။
အဲဒီနေ့ညနေစောင်းမှာပဲ တခြားပြည်နယ်တစ်ခုက ဆင်ဖမ်းသမားတွေက ဆင်ဖြူတော်တစ်ကောင် ရလို့ဆိုပြီး ရှင်ဘုရင်ကြီးကို လာဆက်သတဲ့။ အဲဒီရှင်ဘုရင်ကြီးလဲ ဆင်ဖြူရှင်မင်းတရားကြီးအဖြစ် ထင်ရှား သွားသတဲ့။ မုတပါလို့ လင်္ကာချောသွားတဲ့သဘောလို့လဲ ယူဆနိုင်မယ်ထင်ပါတယ်။
ဒီနေရာမှာ ပြောလိုရင်းကတော့ ဗုဒ္ဓဘာသာဝင်တော်တော်များများကပဲ အလှူတစ်ခုအကျိုးကြီးဖို့ ဆိုတာ “အလှူခံပုဂ္ဂိုလ် မြင့်မြတ်ဖို့ အရေးကြီးတယ်” ဆိုပြီး အလှူခံပုဂ္ဂိုလ် မြတ်၊ မမြတ် ရွေးချယ်တတ်ကြသူ တွေ များနေတယ်။ ပါရမီတော်အရပြောရင် “ပုဂ္ဂိုလ်ယုတ်မြတ် ရွေးချယ်လှူတဲ့ဒါနဟာ ပါရမီမမြောက်ဘူး” လို့ ဆိုပါတယ်။ (မြန်မာလိုကြည့်ချင်ရင် တိပိဋကဆရာတော်အရှင်သုမင်္ဂလာလင်္ကာရရေးတဲ့ “ပါရမီ”ဆိုတဲ့ စာအုပ်မှာကြည့်ပါ။)
မြတ်စွာဘုရားကလဲ “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ= ပေးလှူပြုလုပ်သူရဲ့ စေတနာကိုသာ ကံလို့ ငါဘုရား ဆုံးမတယ်” လို့ မိန့်ကြားထားပါတယ်။
အခုပြောခဲ့တဲ့ ဆင်ဖြူရှင်မင်းကြီးဆိုတာ ကိုလဲ “ဒါဟာ ဒဏ္ဍာရီတွေပါ၊ ဟုတ်ချင်မှ ဟုတ်မှာပါ” လို့ သံသယဖြစ်သူလဲ ရှိကောင်းရှိနေဦးမယ်ထင်ပါတယ်။
ခိုင်မာထင်ရှားတဲ့ သာဓကတစ်ခုအဖြစ်နဲ့ ဝေဿန္တရာမင်းကြီးရဲ့ သားတော်၊ သမီးတော်တို့ကို လှူဒါန်းတဲ့အလှူပွဲကို အသေအချာ လေ့လာကြည့်ပါ။ ဒီအလှူပွဲဟာ ကြီးကျယ်မြင့်မြတ်လွန်းတဲ့အတွက် မြေကြီးကတောင် သာဓုခေါ်သည့်အလား သိမ့်သိမ့်တုန်အောင် ခုနှစ်ကြိမ်လှုပ်တယ်လို့ဆိုပါတယ်။ ဒီအလှူပွဲမှာ အလှူခံပုဂ္ဂိုလ်ဖြစ်တဲ့ ဇူဇကာပုဏ္ဏားကြီးဆိုတာကတော့ အသက်ကြီး ကြီးမှ မယားငယ်ငယ်လေး ကို ယူထားတဲ့ ကိလေသာအိုး အလှူခံဆိုးကြီးဆိုတာ အားလုံးကြားဖူးကြပါလိမ့်မယ်။
ကဲ … ဒီလောက်ဆို သံဃာကို ကြည်ညိုတတ်အောင် ဘယ်လိုစိတ်ထားရမယ်ဆိုတာလဲ သဘောပေါက်လောက်ပါပြီ။
ကုသိုလ်ဖြစ်အောင် စိတ်ထားတတ်ကြပါစေ။
ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)
မဟာစည်ဆရာတော်ဘုရားကြီး၏ ပရိယတ္တိအရည်အသွေး
မွေးနေ့မင်္ဂလာ သံဃပူဇာ
=============
လွန်ခဲ့သော နှစ်ပေါင်း တစ်ရာ့တစ်ဆယ်၊ ၁၉၀၄-ခုနှစ် ဇူလိုင်လ (၂၉) ရက်နေ့တွင် အထက်မြန်မာပြည် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဆိပ်ခွန်ကျေးရွာတွင် အဖ ဦးကံတော်၊ အမိ ဒေါ်အုပ်တို့မှ ဒုတိယ သားရတနာ ‘မောင်သွင်’ကို မွေးဖွားခဲ့သည်။ မောင်သွင်သည် အသက် ၁၂ နှစ်သားမှ စ၍ ရှင်သာမဏေဘောင်သို့ ဝင်ရောက်ခဲ့ပြီး အသက် ၂၀ ခန့်တွင် မြင့်မြတ်သော ရဟန်းဘဝကို ခံယူတော်မူသည်။ ဘွဲ့အမည် ‘အရှင် သောဘန’ဟု တွင်သည်။
ထိုအရှင်မှာ နောင်အခါတွင် သီတင်းသုံးရာ ကျောင်းတိုက်ရှိ အလွန်ကြီးမားသော မင်္ဂလာစည်တော်ကြီးကို အကြောင်းပြုကာ ဌာနကို စွဲမှီ၍ ဖြစ်သော အမည်နာမတော်ဖြင့် ယနေ့တိုင် ကမ္ဘာအရပ်ရပ်သို့ ထင်ရှားကျော်ဇောနေသော “မဟာစည် ဆရာတော်ဘုရားကြီး” ဖြစ်ပါသည်။
မဟာစည်ဆရာတော်ဆရာတော်ကြီးနှင့် မင်းကွန်းတိပိဋကဆရာတော်ကြီးတို့သည် ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်တွင် အမေးဆရာတော် ပုစ္ဆကနှင့် အဖြေဝိသဇ္ဇက ဆရာတော်အဖြစ် အသီးသီး တာဝန် ထမ်းရွက်တော်မူခဲ့သည်။
ဆဋ္ဌသင်္ဂါယနာတင်ရန် ကြံစည်ကြစဉ်က အဖြေဆရာတော်အတွက် မင်းကွန်းတိပိဋကဆရာတော်မှာ ပြိုင်စံရှားသူဖြစ်၍ ကန့်ကွက်မည့်သူ မရှိပေ။ သို့သော် မဟာစည်ဆရာတော်၏ ပရိယတ်အစွမ်းကို မသိနိုင်ကြသေးသော ဆရာတော်ကြီးအချို့မှာမူ မဟာစည်ဆရာတော်သည် အမေးပုစ္ဆကရာထူးအတွက် သင့်တော်ပါမည်လားဟု စိုးရိမ်တော်မူကြသည်။ နာယက ညောင်ရမ်းဆရာတော် ဘုရားကြီး၏ အားပေးထောက်ခံမှုကို အပြည့်အဝရထားသော်လည်း ကမ္မဋ္ဌာန်းဘုန်းကြီးလေးမျှသာဖြစ်သည့် မဟာစည်ဆရာတော်ကို စိတ်မချနိုင်ကြသော ဆရာတော်ကြီးအချို့သည် သင်္ဂါယနာတင်ခါနီး ရက်ပိုင်းအလိုမှ မဟာစည်ဆရာတော်ကို နောက်ဆုတ်ပေးရန် ဝိဇ္ဇာလင်္ကာရဆရာတော်မှ တဆင့် ညွှန်ကြားတော်မူကြသည်။
မဟာစည်ဆရာတော်က အသာတကြည်ပင် နောက်ဆုတ်ပေးရုံမျှမက မင်းကွန်းဆရာတော်နှင့် အစမ်းတိုက်ထားသော အမေးအဖြေ လျှောက်ထားပုံ စာရွက်နှင့် တိပ်ခွေများကိုပါ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆဋ္ဌသင်္ဂါယနာ မတင်ခင် ထေရဝါဒနိုင်ငံအသီးသီးရှိ ဆရာတော်ကြီးများထံ အဖွဲ့လိုက် သွားရောက်ဆွေးနွေးတိုင်ပင်စဉ်ကတည်းက အမေးပုစ္ဆကဆရာတော်အတွက် မဟာစည်ဆရာတော်ကို ရွေးချယ်ထားကြောင်း ကမ္ဘာက သိနှင့်ကြပြီ ဖြစ်သည်။ သို့သော်လည်း ဆရာတော်မှာ ဂုဏ်သိက္ခာနှင့် မာနကို မငဲ့ကွက်ဘဲ နိဝါတတရားဖြင့် အံ့ချီးဖွယ် နာခံလွယ်သော ရဟန်းမြတ် ဖြစ်ပေသည်။
ဆဋ္ဌသင်္ဂါယနာ စတင်သည့်နေ့တွင် အမေးပုစ္ဆကနေရာတွင် အစားထိုး ဆောင်ရွက်တော်မူသော ဆရာတော်ဘုရားကြီးသည် မင်းကွန်းဆရာတော်နှင့် ကြိုတင်ပြင်ဆင်ချိန် သိပ်မရ၍ပေလော၊ နှစ်နှင့်ချီကာ အပင်ပန်းခံ၊ အကုန်ကျခံ ပြင်ဆင်ထားခဲ့သော ဆဋ္ဌသင်္ဂါယနာသဘင်ကြီး၏ ပထမနေ့သည် သမ္မတကြီးနှင့် ဧည့်သည်တော်များ၊ နိုင်ငံတကာမှ ဆရာတော်ကြီးများရောက်ပြီး မိနစ်အနည်းငယ်အတွင်းမှာ အံ့အားသင့်ဖွယ် ပြီးဆုံးသွားရာ နိုင်ငံတော် ဝန်ကြီးချုပ်က ကမ္ဘာ့ပရိသတ်အလယ်တွင် များစွာ အရှက်ရပြီး ဆရာတော်များကို ကြီးကျယ်ခန်းနားသော ဆဋ္ဌသင်္ဂါယနာသဘင်ကြီးနှင့် လိုက်ဖက်အောင် အစီအစဉ်ဆွဲပါရန် လျှောက်ထားတောင်းပန်တော့သည်။
ထိုအခါမှ မဟာစည်ဆရာတော်ကို ပြန်၍ တာဝန်ပေးကြသည်။ မဟာစည်ဆရာတော်ကလည်း စိတ်ဆိုးစိတ်ကောက်ခြင်း အလျင်းကင်းလျက် အသာတကြည်ပင် ပြန်လည်လက်ခံပြီး ခမ်းနားကြီးကျယ်သော သင်္ဂါယနာနှင့် လိုက်ဖက်အောင် ကျရာတာဝန်ကို ဆောင်ရွက်ခဲ့သည်။ ဤနေရာတွင် ဒေါသ၊ မာန်မာနကြီးမားသူ ပုဂ္ဂိုလ်တစ်ဦးဆိုလျှင် ဤသို့ ရှုံ့ချည် နှပ်ချည် ကိစ္စမျိုးကို ဤမျှ လွယ်လွယ်ကူကူ သည်းခံနိုင်ကောင်းမှ သည်းခံပေမည်။
ညောင်ရမ်းဆရာတော်ဘုရားကြီး အရှင်ရေဝတက_
“သုဏာတု မေ ဘန္တေ သံဃော၊ မဟတီ အယံ ပရိသာ၊ ဧဝရူပါယ ပရိသာယ န သုကရာ သဗ္ဗသော ကထံ သာဝေတုံ၊ တသ္မာ အာယသ္မ တော စ သောဘနဿ သာသနာ့ရိပ်သာရာမာဓိဝါသိနော အာယသ္မ တော စ ဝိစိတ္တသာရာ ဘိဝံသဿ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဿ ဝိနယပုစ္ဆန ဘာရဉ္စ ဝိနယဝိဿဇ္ဇန ဘာရဉ္စ အာဝဟိတုံ သြကာသံ ဒမ္မိ၊ ကရောထ တုမှေ အာဝုသော ဆဋ္ဌသင်္ဂီတိ ပုဗ္ဗင်္ဂမာနိ ဝိနယပုစ္ဆန ဝိနယဝိဿဇ္ဇန ကိစ္စာနိ ယထာဓမ္မံ ယထာဝိနယံ…”
ဟု ခွင့်ပေးလိုက်သည်နှင့် မဟာစည်ဆရာတော်နှင့် မင်းကွန်း တိပိဋကဆရာတော်တို့သည် ဆဋ္ဌသင်္ဂါယနာ အမေးအဖြေကို သုတိသာယာစွာဖြင့် ခမ်းနားစွာ စတင်တော့သည်။ (တိပိဋက ယောဆရာတော်က သင်္ဂါယနာအမေးအဖြေကို နားထောင်ရတိုင်း ငါ၏ နားနှင့် ကိုယ် အရတော်ပေစွဟု ပီတိဖြစ်ရကြောင်း မိန့်ခဲ့ဖူးသည်)
သင်္ဂါယနာအမေးအဖြေတွင် အမေးဆရာတော်၏အစွမ်းမှာ ထုတ်ဖော်ပြသခွင့်မသာဘဲ အဖြေဆရာတော် ဖြစ်သော မင်းကွန်းတိပိဋကဆရာတော်၏ မဟာဝိသိဋ္ဌအစွမ်းသည်သာလျှင် ထင်ရှားပေသည်။ မင်းကွန်းဆရာတော်သည် အဖြတ်အတောက်မှန်မှန်၊ အသံအနေအထား ပီပီသသဖြင့် မြင်းကောင်းကို အသားကျစီးသကဲ့သို့ ပိဋကတ်တော်များကို ပါဠိလို မေးက ပါဠိလို ဖြေပြီး၊ မြန်မာလိုမေးက မြန်မာလို ဖြေသည်။
အဋ္ဌကထာ သင်္ဂါယနာစိစစ်ခန်းတွင်မူ မဟာစည်ဆရာတော်သည် ရေနက်ရာတွင်မှ မြူးပျော်သော ဧရာမငါးကြီးတို့ကဲ့သို့ အဋ္ဌကထာတို့ကို သူ့ခေတ်နှင့် သူဟပ်ပြခြင်း၊ အသိခက် ဝိဝါဒကွဲစရာနေရာများ၌ ကျမ်းကိုးပြ၍ သက်ဝင်စေခြင်း၊ သမိုင်းသုတေသီတို့ အဆိုအမိန့်ကို ညှိနှိုင်းပြခြင်း၊ သမယန္တရဝါဒများကို ဖော်ထုတ်ခြင်း စသည်ဖြင့် ပညာရှင်များ ငေးလောက်သော အစွမ်းအစများ ပေါ်ထွက်လာတော့သည်။
သီဟိုဠ်မှ အရှင်အာနန္ဒမေတ္တယျ မထေရ်ကြီးက မေးသမျှ ပြဿနာအခက်အခဲတို့ကို မဟာစည်ဆရာတော်က တမုဟုတ်ချင်း ဖြေရှင်းပြနိုင်သည်ကို ကြုံရသဖြင့် မြန်မာနိုင်ငံတွင် ပိဋကတ်သုံးပုံ အာဂုမ်ဆောင် (၂) ပါးရှိသည်၊ မဟာစည်ဆရာတော်ကို ‘အဋ္ဌကထာ ဋီကာ ဓရ’ ဟု ဆိုချင်ပါသည်ဟု ဖော်ထုတ် ချီးကျူးခဲ့သည်။
မဟာစည်ဆရာတော်သည် ရန်ကုန်ဘုရားကြီးဆရာတော်၊ ဗားဂရာဆရာတော်၊ သီရိလင်္ကာအရှင် ဗုဒ္ဓဒတ္တနှင့် ဝိဇ္ဇာလင်္ကာရဆရာတော်တို့နှင့် အတူ ပိဋကတ်တော်များကို သုဓ်သင်ရသော သြသာနသောဓေယျ ပတ္ထပါဌက အဖွဲ့ဝင်ဖြစ်သည်။ (ယခု သံဃမဟာနာယက ဥက္ကဋ္ဌ) ဗန်းမော်ဆရာတော်လေးက ဆဋ္ဌမူတွင်ထည့်သွင်းရန် ပါဠိပုဒ်တစ်ပုဒ်ကို ကျမ်းညွှန်းရှာလိုသည့်အခါ ပိဋကတ်ပင်လယ်ထဲ အပ်ပျောက်သလို ဖြစ်ရတိုင်း မဟာစည် ဆရာတော်ထံ လျှောက်ထား မေးမြန်းလျှင် ခေတ္တခဏအတွင်း အဖြေပေါ်သည့်အတွက် အကြိမ်ကြိမ် ဦးချရှိခိုးသည်။ (နောင်တွင် ဗန်းမော်ဆရာတော်သည် မဟာစည် ဝိပဿနာရှုနည်းကျမ်းကို ပါဠိဘာသာသို့ ပြန်ဆိုရေးသားတော် မူခဲ့သည်။ ဝိပဿနာရှုနည်းကျမ်းကို အင်္ဂလိပ်ဘာသာသို့ ဦးမင်းကျော်က ဘာသာပြန်ပြီး ဒေါက်တာနန္ဒမာလာဘိဝံသက ထိုအင်္ဂလိပ်ဘာသာကို ဆိုလိုရင်း မလွဲရအောင် တည်းဖြတ်တော်မူသည်။)
ဤသို့သော အရည်အချင်းများကို သိသော ဝိဇ္ဇာလင်္ကာရဆရာတော်က ပိဋကတ်သုံးပုံကို အဆီအနှစ်ထုတ်ကာ ကျင့်စဉ်များကို အပြည့်အစုံဖော်ပြထားသော ဝိသုဒ္ဓိမဂ်အဋ္ဌကထာကို မဟာစည်ဆရာတော် တစ်ပါးတည်း သုဓ်သင်ခွင့်ပေးခြင်းပင် ဖြစ်သည်။ သင်္ဂါယနာသမိုင်းတွင် ကျမ်းတစ်ကျမ်းကို တစ်ပါးတည်း သုဓ်သင်ခွင့်ရသည်မှာ မဟာစည်ဆရာတော်တစ်ပါးသာ ရှိသည်။
ထို့ပြင် အရှင်မဟာဗုဒ္ဓဃောသအပေါ် ပရဝါဒီတို့၏ စွပ်စွဲချက်ကို ဖြေရှင်းလျက်၊ ရာဇဝင် ပိဋကတ်တို့ကို စပ်ဟပ်ပြသော ဝိသုဒ္ဓိမဂ္ဂနိဒါနကထာ (ဝိသုဒ္ဓိမဂ် နိဒါန်း)ကို အလွန်အဆင့်အတန်းမြင့်သော ပါဠိ စုဏ္ဏိယ စကားပြေဖြင့် ရေးသားတော်မူသည်။ ထိုနိဒါန်းကို ရေးသားရန်တာဝန်ပေးအပ်စဉ်က အနီးစခန်းဆရာတော်၊ မဟာစည်ဆရာတော်၊ မင်းကွန်းဆရာတော်နှင့် အရှင်သီလာနန္ဒာဘိဝံသ လေးပါးစလုံးကို အပ်ခြင်းဖြစ်သော်လည်း ကျန်ဆရာတော်များက မဟာစည်ဆရာတော်ကို တာဝန်လွှဲကြသဖြင့် တစ်ပါးတည်းသာ အပြီးအစီး ရေးသားတော်မူသည်။ ဆဋ္ဌသင်္ဂါယနာအဖွဲ့ကြီးက ဆရာတော်ရေးသားသော နိဒါန်းကို ပြင်ဆင်ပယ်ဖျက်ခြင်း မရှိဘဲ ခြွင်းချက်မဲ့လက်ခံကာ စာအုပ်ထုတ် ဖြန့်ဝေခဲ့သည်။
ကျေးဇူးရှင် မစိုးရိမ် ဆရာတော်ဘုရားကြီးကလည်း “မဟာစည်ဆရာတော်ဟာ တို့များထက် ဉာဏ်သာတယ်။ တို့များ မမြင်တဲ့ စာမှားပေမှားများကို မြင်အောင် ကြည့်နိုင်တယ်။ အရှင်အနုရုဒ္ဓါတို့၊ ဋီကာကျော်ဆရာတို့၊ အခြားကျမ်းဆရာတို့ မမြင်နိုင်တဲ့ အမှားများကိုတောင် မြင်အောင်ကြည့်နိုင်တယ်။ ဒီကရှေ့ မဟာစည်ဆရာတော်ထက် သာသူမပြောနဲ့၊ တန်းတူပုဂ္ဂိုလ်ကိုတောင် တွေ့ရဖို့ မလွယ်ဘူး” ဟု အားပါးတရ မိန့်မြွက်ပြီး ခေတ်ကာလအဆက်ဆက်တွင် ကျမ်းအိပ်ကြီးဖြစ်နေခဲ့သော ဝိသုဒ္ဓိမဂ်မဟာဋီကာကြီးကို နိဿယရေးရန် မဟာစည်ဆရာတော်ကို တိုက်တွန်းတော်မူသည်။ ထို့ပြင် ဝိသုဒ္ဓိမဂ်အဋ္ဌကထာနှင့် မဟာဋီကာ၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော်နှင့် အဋ္ဌကထာ၊ မိလိန္ဒပဥှာပါဠိတော်တို့ကို မပြတ်ပို့ချရန် မဟာစည်ဆရာတော်ကို တာဝန်ပေးအပ်တော်မူသည်။
ဤတွင် သကျသီဟ ဓမ္မာစရိယအောင် ပါဠိတက္ကသိုလ်ကျောင်းအုပ် ဖြစ်သော ကျမ်းစာပေါင်းများစွာတို့ကို ရေးသားပြုစုနေသည့် ဆရာတော်ကြီးတစ်ပါးက ‘မဟာစည်ဆရာတော် မဟာဋီကာကြီးကို နိဿယ ပြီးအောင် ရေးနိုင်ပါ့မလား’ဟု အချင်းချင်း မေးမြန်းဖူးသည်ဆို၏။ ထိုဆရာတော်ကြီးသည် ပရိယတ်အစွမ်း အလွန်မြင့်မားပြီး ကိုယ်တိုင်လည်း ကျမ်းစာပေါင်းများစွာကို ပြုစုရေးသားနေသူဖြစ်သည့်အလျောက် ရှေးဟောင်း အိန္ဒိယ ဟိန္ဒူ ဒဿနပေါင်းများစွာ ပါဝင်နေသော မဟာဋီကာကြီး၏ အလွန်ခက်ခဲနက်နဲပုံကို ကောင်းစွာ သိနားလည်သူဖြစ်သည်။
မဟာစည်ဆရာတော်သည် သက္ကတကျမ်းများ၊ အင်္ဂလိပ်ဘာသာကျမ်းများ၊ ယိုးဒယားနှင့် သီရိလင်္ကာရှိ မူကွဲများကို အထပ်ထပ်အဖန်ဖန် စေ့ငုံသုံးသပ်လျက် ဤမျှ အခက်တကာ့အခက်တို့ဖြင့် ကျော်ကြားသော ဝိသုဒ္ဓိမဂ်မဟာဋီကာကြီးကို နိဿယ ရေးသားတော်မူသည်။ အများရှင်လူတို့ အကျိုးများစေရန် ဝိသုဒ္ဓိမဂ် အဋ္ဌကထာကိုပါ မြန်မာပြန်၍ စာအုပ်ထုတ်ဝေသည်။ ဤအချက်များကို ထောက်ဆလျှင် မဟာစည်ဆရာတော်၏ ဝိသုဒ္ဓိမဂ်ကို သက်ဝင်နိုင်စွမ်းမှာ ထိပ်ဆုံးအဆင့်မှာ ရှိကြောင်း သိသာနေပါပြီ။
ဤသို့ဖြင့် မဟာစည်ဆရာတော်သည် ဆဋ္ဌသင်္ဂါယနာတွင် မိမိ၏ ပရိယတ်အရည်အသွေးကို ထင်ရှားစွာပြသတော်မူခဲ့သည်။ ဆရာတော်ကြီးတစ်ပါးထံမှ “မဟာစည်ဆရာတော်၏ ပရိယတ် အရည်အသွေးသည် ဆဋ္ဌသင်္ဂါယနာမတင်ခင်က အသင့်အတင့်သာ ဖြစ်ပြီး ဆဋ္ဌသင်္ဂါယနာတင်ပြီးမှ အလွန်မြင့်မားသွားသည်” ဟူသော ထင်မြင်ချက်ကို တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အရှင်သုမင်္ဂလာလင်္ကာရက တဆင့် ပြန်ဆွေးနွေးဖူးသည်။ ဆဋ္ဌသင်္ဂါယနာမတင်ခင်ကတည်းက မဟာစည်ဆရာတော်၏ ပရိယတ်အရည်အသွေး မြင့်မားကြောင်း သိချင်လျှင် “ဝိပဿနာရှုနည်းကျမ်း”ကို ကြည့်ပါဟု ချမ်းမြေ့ဆရာတော်က ဖြေရှင်းသက်သေထူခဲ့သည်။ ထိုကျမ်းကြီးကို ဖတ်ရှုပြီး သက်သေထူခဲ့သည့်အတိုင်း မှန်ကန်ပါပေစွဟု အရှင်သုမင်္ဂလာလင်္ကာရက အဖန်ဖန် ကြည်ညိုခဲ့ပြီး ပိဋကတ်တော်လာ သောဘနသုတ်တော်ဖြင့် ဆရာတော်ကြီးကို ပူဇော်ခဲ့သည်။
ဤသို့လျှင် မဟာစည်ဆရာတော်သည် ပရိယတ်အစွမ်းဖြင့် ဆဋ္ဌသင်္ဂါယနာတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်တော်မူခဲ့သည်။ ဆရာတော်ရေးသားသော ကျမ်းစာများကို ဖတ်ရှုကြည့်လျှင် သိပ်သည်းကျစ်လျစ်စွာ ထောင့်စေ့အောင် ပြုစုရေးသားသည်ကို အတိုင်းသား သိမြင်နိုင်သည်။ ဝိပဿနာနည်းကို ပြသရာတွင်လည်း ပရိယတ်နှင့် အစဉ်ညီညွတ်သော သဘာဝအဓိပ္ပာယ် အံကျကိုက်ညီသော နည်းကိုသာ ပြသလေ့ရှိသည်။
သို့ပါသော်လည်း အချို့က မဟာစည်ဆရာတော်၏ ပရိယတ်အရည်အသွေးကို မသိမမြင်နိုင်ဘဲ “မိမိလည်း ကမ္မဋ္ဌာန်းဆရာ၊ မဟာစည်လည်း ကမ္မဋ္ဌာန်းဆရာ” ဟူသော မာန်မာနဖြင့် တန်းညှိကာ ဝေဖန်ပုတ်ခတ်ခဲ့ကြသည်။ ဆရာတော်ကြီး ထင်ရှားရှိစဉ်က ဝေဖန်ပုတ်ခတ်လာသူတို့ကို အချက်ကျကျ ဓမ္မဓိဋ္ဌာန်ဖြင့် ဖြေရှင်းတော်မူခဲ့သော်လည်း ဆရာတော်ကြီးလွန်ပြီးမှ ဝေဖန်ပုတ်ခတ်လာသူတို့ကို မဖြေရှင်းသာတော့ပြီ။ ယနေ့ ပဋိပတ်လောကတွင် မဟာစည်ကို ကျမ်းစာကြီးငယ်ထုတ်ကာ ပုတ်ခတ်ပြီးမှ မိမိ၏ ဝါဒကို ပြသသော အစဉ်အလာ ဖြစ်နေခဲ့သည်မှာ စိတ်မကောင်းစရာ ဖြစ်သည်။
မဟာစည်ဆရာတော်၏ ပရိယတ်အရည်အသွေးကို မဟာစည်ဆရာတော်ကဲ့သို့ ပရိယတ်အရည်အသွေး ရှိသူကသာ အကုန်အစင် သိမြင်နိုင်ပေမည်။ အဘိဓဇမဟာရဋ္ဌဂုရု ညောင်ရမ်းဆရာတော်ဘုရားကြီး ဦးရေဝတ၊ ဥက္ကဋ္ဌ မစိုးရိမ်ဆရာတော်ဘုရားကြီး ဦးသူရိယာဘိဝံသ၊ သပြေကန်ဆရာတော် ဦးဝါသေဋ္ဌာဘိဝံသ၊ အနီးစခန်းဆရာတော် ဦးဉာနုတ္တရ၊ ဝိဇ္ဇာလင်္ကာရဆရာတော် ဦးဝိသုဒ္ဓါဘိဝံသ၊ ပခုက္ကူမဟာဝိသုတာရာမတိုက် ဆရာတော်ကြီးများ၊ မင်းကွန်းတိပိဋကဆရာတော်၊ အစရှိသည့် အဋ္ဌကထာ ဋီကာနှင့်တကွ ပိဋကတ်သုံးပုံကျွမ်းကျင် နှံ့စပ်တော်မူသော ဥဇုဂုဏ်နှင့် ပြည့်စုံသည့် ဆရာမြတ်တို့ကသာ မဟာစည်ဆရာတော်၏ အရည်အသွေးကို သိမြင်လက်ခံနိုင်စွမ်းရှိကြသည်။ သိမြင်သည့်အတိုင်းလည်း ချီးကျူးလေးစား ကြသည်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မဟာစည်ဆရာတော်၏ မြင့်မားသော ပရိယတ်အရည်အသွေးသည် မချွတ်ဧကန် အမှန်ရှိသော ဂုဏ်တစ်ပါး ဖြစ်သောကြောင့်ပင်တည်း။
(ဤစာစုဖြင့် ယနေ့ ၂၉ ရက်၊ ဇူလိုင်လ၊ ၂၀၁၄ ခုနှစ်တွင် သက်တော် တစ်ရာ့တစ်ဆယ် ပြည့်ပြီဖြစ်သော မဟာစည်ဆရာတော်ဘုရားကြီး၏ ပရိယတ်ဂုဏ်ကို ရည်မှန်း ပူဇော်ပါသည်)